lørdag den 9. januar 2010

current view of monastery

9.1.2010 တွင်တွေ့ရှိရသောကျွန်ုပ်တို့၏ဘုန်းတော်ကြီးကျောင်းနှင့်
ပတ်လည်ဧရိယာတွင်ဖြစ်ပျက်နေသောမြင်ကွင်းများအားအများသူငါ
တွေ့ရှိနိုင်ရန်တင်ပြလိုက်ရပါသည်။





Print this post
ဒီစာကိုslectပေးပြီးေ၇းပါ
Summary

Rest of your post


Print this post

fredag den 1. januar 2010

ဝဘ်ဆိုက်အလှူမင်္ဂလာသတင်းလွှာ


ရှေ့ဆောင်ဆရာတော်ဦးဥတ္တရ (လန်ဒန်)ကြီးမှူးပြီး ဗုဒ္ဓရံသီသာသနာပြုအသင်း အနေဖြင့်အလှူရှင်အများ၏
ထည့်ဝင်ငွေများနှင့်တည်ထောင်ခဲ့သော ဤဘုန်းတော်ကြီးကျောင်း၏အင်တာနက်ပေါ်မှကျောင်း၏လိတ်စာဖြစ်သည့်
ယခုလက်ရှိ www.monasterydk.org အားယနေ့ ၁.၁.၂၀၁၀ တွင်ကျရောက်သောကိုတေဇာတေ၏
မွေးသဖခင်ကျေးဇူးရှင်ကြီး၏မွေးနေ့ရက်မြတ်အားရည်စူး၍ကိုတေဇာတေမှအများသာဓုအနုမောဒနာခေါ်ဆိုပြီး
ကျောင်းတော်ကြီး၏အချက်အလက်များ၊ လှုပ်ရှားမှုဖြစ်စဉ်များစသည်တို့ကိုဝင်ရောက်ကြည့်ရှုနိုင်ရန် ၃ နှစ်စာတာဝန်ယူ
လှူတန်းလုပ်ဆောင်လိုက်သည့်အကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့......
အားလုံးကြားကြားသမျှ....အမျှ...အမျှ...အမျှ ယူတော်မူကြပါကုန်သော်။
သာဓု၊ သာဓု၊ သာဓု



Print this post

ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ် မေတ္တာပွားပုံ

ဗြဟ္မဝိဟာရ လေးပါးတို့တွင် မေတ္တာပွားလိုသောသူသည် ဆိတ်ငြိမ်ရာကပ်၍ ဒေသ၏အပြစ်,
ခန္တီ၏အာနိသင် ရှေးဦးစွာဆင်ခြင်ရသည်။

၁။ ဒေါသသည် ကျိုးကြောင်း မကြည့်၊ ဆိုးကောင်းမသိ၊ မှောင်အတိကျ၏။ နောင်အဖန်ဖန် ရှက်စရာကို ပြောဝံ့အောင်၊ ပြုဝံ့အောင်၊ ယုတ်မာသူနှင့် ယုတ်မာချင်း ပြိုင်ဝံ့အောင် စေခိုင်း၏။ အကျိုးဖယ်၍ အပြစ်ကိုယူ၏။ ကျက်သရေမင်္ဂလာမရှိ။

၂။ခန္တီသည် ကျိုးကြောင်းကြည့်၏။ ဆိုးကောင်းသိ၏။ မှောင်အတိမကျ၊ ရှက်စရာကို မပြောမိ မပြုမိအောင်စောင့်၏။ ယုတ်မာချင်းမပြိုင်ခိုင်း၊ နောင်ဖန်ဖန်ဝမ်းမြောက်စရာကိုသာ ပြောခိုင်းပြုခိုင်း၏။ အပြစ်ကိုဖယ်၍ အကျိုးကိုယူ၏။ သမ္မာပဋိပတ် အကြောင်းရင်း၌ တည်စေ၏။ ကျက်သရေ မင်္ဂလာရှိ၏။

ဤသို့ဆင်ခြင်ပြီးလျှင် အပ္ပိယ-အကျိုးမဆောင်၍ မချစ်အပ်သူ၊ အတိပ္ပိယ-အလွန်ချစ်အပ်သော သားမယား။ မဇ္ဈတ္တ-လျစ်လျူရှူအပ်သူ၊ ဝေရီ-အကျိုးမဲ့ပြုသော ရန်သူ၊ ဤလေးယောက် ရှေးဦးစွာ မပွားရ။ လိင်္ဂဝိသသာဂ-လိင်မတူသူ၊ ဤသူတစ်ယောက် သီးခြားမပွားရ။ ကာလင်္ကတ သေသူ၊ ဤသူကား မေတ္တာအာရုံမဟုတ်၊ အပြစ်မကင်းသူ ခြောက်ယောက်။

မိမိကိုယ်၌ မေတ္တာပွားလျှင် အပ္ပနာဈာန်မရ၊ မရသော်လည်း သက်သေပြုခြင်းငှာ ရှေးဦးစွာ ပွားရသည်။ ကိုယ်ချင်းစာနိုင်သည်။

၁။ ငါသည် ရန်ကင်းလို၏။ ရန်ကင်းပါစေ။
၂။ စိုးရိမ်ခြင်း ကင်းလို၏၊ စိုးရိမ်ခြင်း ကင်းပါစေ။
၃။ ဆင်းရဲခြင်း ကင်းလို၏။ ဆင်းရဲခြင်း ကင်းပါစေ။
၎။ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်လို၏။ ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။

ဤသို့ပွားပြီးလျှင် ပိယ-ကြည်ညိုဖွယ် ဂုဏ်ထူးရှိသောဆရာ၊ ဆရာအရွယ် ပုဂ္ဂိုလ်မြတ်ကို သီလ စသော ဂုဏ်ကို ဆင်ခြင်၍ ဖန်ဖန်ပွားရသည်။

၁။ ငါတို့အား အကျိုးများစေသော ဤမထေရ်သည် ဆရာဖြစ်၏၊ ဆရာအရွယ်ဖြစ်၏၊ သီလ စသော ဂုဏ်ကျေးဇူးအထူးရှိ၏။ ရန်ကင်းပါစေ။
၂။ စိုးရိမ်ခြင်း ကင်းပါစေ။
၃။ ဆင်းရဲခြင်း ကင်းပါစေ။
၎။ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။

ဤသို့ဖန်ဖန်ပွားလျှင် ဤပုဂ္ဂိုလ် တစ်ပါတည်း၌ပင် စတုတ္ထဈာန်အထိ ရ၏။

သီမသမ္ဘေဒ

သီမသမ္ဘေဒ ဖြစ်အောင် ပြုလိုသေးမူကား ရှေးဦးစွာ ပိယ= ချစ်သော ပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်း ရအောင်ပွားရသည်။ ထိုနောက် မဇ္ဈတ္တ= အလယ်အလတ် ပုဂ္ဂိုလ်၌၊ ထိုနောက် ဝေရီ=ရန်သူ ပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်း ရအောင် ပွားရသည်။

၁။ ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။

၂။ မချစ်လွန်း မမုန်းလွန်း အလယ်အလတ်ဖြစ်သော မဇ္ဈတ္တပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ကြပါစေ။

၃။ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။

၁။ အတ္တ-မိမိကိုယ်ကို၊၂။ ပိယ-ချစ်သူ၊ ၃။မဇ္ဈတ္တ-လျစ်လျူရှုသူ၊ ၄။ဝေရီ-ရန်သူ၊ ဤလေးယောက်၌ မေတ္တာစိတ်ညီလျှင် သီမသမ္ဘေဒ ဖြစ်သည်မည်၏။ သီမ=ငါ့ကိုယ် သူ့ကိုယ်ဟု ပိုင်းခြားခြင်း၊ သမ္ဘေဒ= ပျက်ခြင်း၊ အပိုင်းအခြားပျက်၍ တညီတည်းဖြစ်ပြီ ဟူလို။ စမ်းသပ်ရန်နည်းကား ဤလေးယောက် အတူနေကြစဉ် ခိုးသူတို့ လာ၍ ဤလေးယောက်တို့တွင် တစ်ယောက်ကိုပေးပါ၊ သတ်၍ ယဇ်နတ်ပူဇော်လိုသည်ဟု တောင်းအံ့၊ ငါ့ကိုယူစေ၊ သူ့ကိုယူစေဟု စိတ်ဖြစ်လျှင် အပိုင်းအခြား မပျက်သေး၊ မေတ္တာ မညီသေး။ ပေးစရာမမြင်မှ မေတ္တာညီသည်။ သီမသမ္ဘေဒ ဖြစ်သည်။ မေတ္တာလိုတိုင်းရသူမည်၏။ သမထနိမိတ်ထင်သည်။ ဥပစာရဈာန်ရသည်လည်း မည်၏။ ထိုနိမိတ်၌ ဖန်ဖန်ပွားလျှင် စတုတ္ထဈာန်အထိရ၏။

ရန်ငြိုးဖျောက်နည်း ၁၁

သီမသမ္ဘေဒပြုသောအခါ ဝေရီ=ရန်သူပုဂ္ဂိုလ် အပေါ်တွင် ရန်ငြိုးကြီးလှ၍ မေတ္တာပွားမရ ဖြစ်ခဲ့အံ့၊ သမာပတ်ဝင်စားခြင်း စသော

နည်း ၁၁ ပါးဖြင့် ဖျောက်ရသည်။

ဝင်, လွှ, ကြံ, သနား၊ ဟောကြား, ကံ, ဇာ၊
မတဂ္ဂါ, နိသင်၊ ဓာတ်လှည့်, ပေးတောင်း၊
ရန်ငြိုးပေါင်း၊ ပျောက်ကြောင်း တစ်ဆယ့်တစ်။

ဝင်။ ။ဝင်-ဟူသည်ကား မေတ္တာဈာန် ဖြစ်နေကျ ပုဂ္ဂိုလ်၌ မေတ္တာဈာန် ဝင်စားရသည်။ ထိုဈာန်မှ ထသောအခါ ရန်သူအပေါ်၌သော်လည်း မေတ္တာလွယ်ကူ၏။

လွှ။ ။ဤနည်းဖြင့် မလွယ်ကူလျှင် လွှပမာ သုတ္တန်တို့ကို ဆင်ခြင်ရသည်။ “၁-ခိုးသူတို့လာ၍ လွှဖြင့် အင်္ဂါကြီးငယ် ဖြတ်စေကာမူ ဒေါသဖြင့် စိတ်ပြစ်မှားမိလျှင် ငါဘုရားစကား နားထောင်သူမဟုတ်” ဟူ၍ ဟောသည် မဟုတ်လော။ ၂-လူယုတ်မာကို စိတ်ဆိုးလျှင် သူ့ထက်ကဲ၍ ယုတ်မာ၏။ ၃-စိတ်မဆိုးလျှင် တစ်ရာလျှင် တစ်ယောက်မနိုင်သော စစ်ပွဲကိုနိုင်၏။ ၄-တစ်ဖက်သား စိတ်ဆိုးမှန်းသိလျှင် မိမိက ငြိမ်ငြိမ်နေအံ့၊ နှစ်ဦးအကျိုး ကျင့်ရာကျ၏ဟူ၍ ဟောသည် မဟုတ်လော။ ချစ်သားတို့၊ ရန်သူကြိုက်တ၇ားခုနှစ်ပါးရှိ၏။

၁။ ငါ့ရန်သူ အရုပ်ဆိုးပါစေ။
၂။ ဒုက္ခတွေ့ပါစေ။
၃။ ကိုယ်ကျိုး နည်းပါစေ။
၎။ စည်းစိမ်ချို့ပါစေ။
၅။ အခြံအရံ နည်းပါစေ။
၆။ မိတ်ဆွေ ကင်းပါစေ။
၇။ သေလျှင် အပါယ်ကျပါစေဟု တောင့်တ၏။

ဒေါသထွက်သူထံ ဤခုနှစ်ပါးလုံး ရောက်လာသည်ဟူ၍ဟောသည် မဟုတ်လော။

အရုပ်ဆိုးစေ၊ တွေ့စေ ဆင်းရဲ၊ ကိုယ်ကျိုးနည်း၍
ပျက်ကွဲစည်းစိမ်၊ ခြွေရံမှိန်လျက်၊ မိတ်ဆက်ပျက်လစ်
အပါယ်ဖြစ်၊ ခုနှစ် ရန်သူကြိုက်။

မစင်သင့်သော အိုးမဲတုံး၊ လူကောင်ဖုတ်သည့် ထင်းကုလားတုံး အသုံးပြုစရာ နေရာမရှိ။ ဒေါသထွက်သူ ထိုအတူဟူ၍ ဟောသည် မဟုတ်လော။ (ဖွတ်ငယ်တို့ကို သတ်စား၍အိပ်နေသော ရသေ့ပျက်ကို ဖွတ်မကြီးသည် ကိုက်ချင်စရာ အရပ်မမြင်၊ တစ်ကိုယ်လုံး သူယုတ်မာ အတိသာမြင်သည်) ငါအမျက်မပြေလျှင် ဘုရားစကား နားမထောင်သူ၊ သူ့ထက်ကဲ ယုတ်မာသူ၊ စစ်ပွဲရှုံးသူ၊ ကျိုးကြောင်းမသိသူ၊ ရန်သူကြိုက် တရားခုနှစ်ပါး ရအောင်ပြုမိသူ၊ ထင်းကုလားတုံးနှင့် တူသူဖြစ်လတ္တံ့။ ဤသို့ လွှသုတ္တန် စသည်ကို ဆင်ခြင်လျှင် ရန်ငြိုးပျောက်ကွယ်၏။

ကြံ။ ။ဤမျှဖြင့် အမျက်မပြေလျှင် ရန်သူအပေါ်၌ကြည်ညိုဖွယ်ဂုဏ်ကို ကြံစည်ရသည်။ အဆိုးဖယ်၍ အကောင်းရှာရသည်။ ဤသူသည် ကိုယ်အမူအရာ သိမ်မွေ့ပါသည်။ နှုတ်ပြော နားဝင် ချိုပါပေသည်။ အဝတ်အရုံ ညီညွတ်ပါပေသည်။ ဆွမ်းခံဝတ်၊ ဘုရားဝတ် မှန်ပေသည်။ သေခိယနှင့်အညီ စားသောက်ပုံ အတုခိုးလောက်ပါပေသည်။ သာသနာစိတ် ထက်သန်ပါပေသည် စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ ကြံစည်လျှင် ဂုဏ်သင်းသူဖြစ်အံ့၊ သနားရသည်။

သနား။ ။ကြည်ညိုဖွယ် ဂုဏ်ကင်းသူဖြစ်အံ့၊ သနားရသည်။ ဤပုဂ္ဂိုလ်သည် ယခုအခါ လူ့ဘဝရလျက်ရှိသော်လည်း ရက်မကြာခင် ငရဲ၌ ဖြစ်ရရှာတော့မည်။ ဤသို့သနားလျှင် သနားခြင်းကိုစွဲ၍ ရန်ငြိုးပျောက်နိုင်၏

ဟောကြား။ ။ဝင်၊ လွှ၊ ကြံ၊ သနား လေးချက်ဖြင့် အမျက်မပြေလျှင် မိမိကိုယ်မိမိ သြဝါဒစကားဖြင့် တရားဟောရသည်။

ဟောကြား ၁၀ မျိုး

၁။ ရန်သူသည် ကိုယ်၌သာ ဒုက္ခပေးသည်၊ စိတ်၌ မပေးနိုင်။ ငါသာ ကိုယ့်စိတ်ကိုယ် ဖျက်သူဖြစ်သည်။

၂။ ချစ်ခင်သော ဆွေမျိုးတို့ကို စွန့်၍ ရဟန်းပြုနိုင်လျက် ဒေါသမစွန့်နိုင်လျှင် ဒေသမက်သော ငါဖြစ်ရာ၏။

၃။ ဒေါသသည် သီလ၏အမြစ်၊ သီလ၏အမျိုး ဟိရီသြတ္တပ္ပကို ဖျက်ချိုး၏။ မျိုးပျက်ကို မွေးထားခြင်းဖြင့် ငါအားမသင့်။

၎။ ယုတ်မာသောရန်သူကို အမျက်ထွက်လျှင် ယုတ်မာပြိုင်သော ငါ မဖြစ်ပြီလော။

၅။ ငါစိတ်ဆိုးအောင် ရန်သူကပြုသည်။ ငါစိတ်ဆိုးလိုက်လျှင် ရန်သူမှာ အလိုပြည့်မည် စင်စစ်တည်း။

၆။ ငါ၏ ဒေါသသည် ရန်သူအား ဒုက္ခပေးချင်မှပေးမည်။ ငါ၏စိတ် ပင်ပန်းခြင်းကား ဧကန္တတည်း။

၇။ ရန်သူသည် ဒေါသဖြင့် အပါယ်ခရီး လမ်းမှားနေပြီ။ အရှည်မြင်သူ လမ်းမှားမလိုက်၊ အမြင်တိုသူ တကောက်ကောက်လိုက်၏။

၈။ ရန်သူသည် ငါ့ကိုယ်၌ရှိသော အပြစ်ကို အားကိုးအားထားပြု ၍ စိတ်ဆိုး၏။ ထိုအပြစ်က စိတ်ဆိုးခိုင်း၍ စိတ်ဆိုးရသူ ဖြစ်၏။ အပြစ်၏ခိုင်းစေရာ နာခံရသူဖြစ်၏။ ထိုအပြစ်ကို ငါပယ်လိုက်လျှင် ရန်သူကျွန်မျိုး အားကို ပြုတ်လတ္တံ့။ ကျွန်အစေခံ၌ ဖက်ပြိုင်ဖွယ်၊ ကြံစည်ဖွယ်မရှိပြီ။

၉။ ငါ့အား စော်ကားသော ရုပ်, နာမ် ခန္ဓာတို့သည် လွန်ကုန်ပြီ၊ ချုပ်ကုန်ပြီ။ ယခုရှိဆဲ ရုပ်, နာမ်, ခန္ဓာတို့ကို ငါ အာရုံပြုလျှင် ဆန်ခိုးမမိ ဖွဲခိုးမိ၊ ခုတ်ရာတစ်ပါး ရှရာတခြား မသင့်လွန်းလေစွတကား။

၁၀။ မီးခေတ်နှင့်ကျောက် နှစ်ခုပေါင်းမှ မီးတောက်သည်။ မီးခတ် သက်သက်ကြောင့် မတောက်၊ ကျောက်၌လည်း သတ္တိထူးရှိပေသည်။

ထို ဥပမာအတိုင်း ရန်သူအပေါ်၌သာ ငါ အပြစ်ရှုခြင်းသည် သမာသမတ်လော၊ တစ်ဖက်သတ် မဖြစ်ပြီလော။

ကိုယ့်စိတ်ကိုယ်ဖျက်၊ ဒေါသမက်၍၊ မျိုးပျက်မွေးသာ၊
ပြိုင်ယုတ်မာနှင့်၊ သူ့မှာလိုပြည့်၊ မိမိကား ပန်း၊
အမှားလမ်းလိုက်၊ ကျွန်၌ကြံရဲ၊ ခုတ်တလွှဲပြတ်၊
တစ်ဖတ်သတ်ငြိုး၊ ပြစ်ဆယ်မျိုး၊ ပွားတိုးငါ၌သာ။

ဤသို့ မိမိကိုယ်မိမိ သြဝါဒတရား ဟောကြားလျှင် ရန်ငြိုးပျောက်နိုင်၏။

ကံ။ ။ဤမျှဖြင့်မပျောက်လျှင် ကမ္မ+ဿက ဖြစ်အင် ဆင်ခြင်ရသည်။ သတ္တဝါဟူသမျှ သူ့ကံအတိုင်း သူဖြစ်သည်။ ငါ့အကြံအတိုင်းမဖြစ်။ ငါစိတ်ဆိုးလျှင် ငါ့အကုသိုလ်ကံ ငါ့အားသာ ကောင်းကျိုးမပေး၊ မကောင်းကျိုး ပေးလတ္တံ့။ သူတစ်ပါးကို မီးခဲဖြင့်ကိုင်၍ပစ်သူ၊ မစင်ဖြင့်ကိုင်၍ ပစ်သူ ဤသူတို့နှင့် တူလတ္တံ့။ သူ့ကံကိုလည်း ငါမတတ်နိုင်။ ငါ့ကံကိုလည်း သူမတတ်နိုင်။ ငါ့အား သင်း အမျက်ထွက်လျှင် သင်းမှာသာ အကျိုးမဲ့ဖြစ်လတ္တံ့။ လေညာသို့ ပစ်သောမြူ ပစ်သူထံသာ ရောက်သည် မဟုတ်လော။ ဤသို့ဆင်ခြင်လျှင် ရန်ငြိုးပျောက်၏။

ဇာ။ ။ဤမျှဖြင့် မပျောက်လျှင် ဇာတကတို့ကို ဆင်ခြင်ရသည်။ ငါတို့ဆရာ ဘုရားမြတ်စွာသည် ပါရမီဖြည့်စဉ် ရန်သူအပေါ်၌လွန်စွာသည်းခံတော်မူခဲ့၏။ သီလဝမင်းကြီး ဇာတ်တော်၌ အမတ်ယုတ်မာသည် မိဖုရားကို ပြစ်မှား၏။ မင်းကြီး၏ တိုင်းပြည် စည်းစိမ်းကို မင်းတစ်ပါးလက်သို့ ရောက်အောင်ပြု၏။ မင်းကြီးသည် အမတ်တစ်ထောင်နှင့်တကွ သုဿန်၌ လည်ပင်းအထိ အရှင်လတ်လတ် အမြှုပ်ခံရသည့်တိုင်အောင် အမျက်မထွက်။ တောခွေးတို့ မြေယက်၍ဖော်ခြင်း၊ ဘီလူးတို့ ပြန်ပို့ခြင်းဖြင့် စည်းစိမ်ပြန်ရ၏။ ရန်သူမင်းလည်း မိတ်ဆွေမင်းအရာ၌တည်၏။

ခန္တီဝါဒီရသေ့ ဇာတ်တော်၌ ကလောဗုမင်းသည် ဆူးရှိသော ကြိမ်ဖြင့်ရိုက်ခြင်း၊ နား, နှာ, လက်, ခြေ ဖြတ်ခြင်း စသည်ပြုသော်လည်း ဟဒယဝတ္ထု၌ တည်သော ခန္တီကို မထိခိုက်အောင် အမျက်ထိန်း၏။ နှလုံးရည် စွမ်းလှ၏။

စူဠဓမ္မဇာတ်တော်၌ ပက်လက်အရွယ်မင်းသားငယ်ကို ခမည်းတော် မဟာပတာပမင်းသည် ခြေလက်လေးဘက်မျှစ်ကဲ့သို့ခုတ်ဖြတ်၍ အာဏာသားတို့ကို ခေါင်းဦးဖြတ်ခိုင်း၏။ ဦးခေါင်းဖြတ်သူ အာဏာသား၊ စေခိုင်းသူ ခမည်းတော်၊ ငိုကြွေးသူ မယ်တော်၊ ဒုက္ခသည်မိမိ ဤ လေးယောက်၌ စိတ်ညီမျှအောင် ခိုင်မြဲစွာ ဆောက်တည်သည်။ ဒေါသအခြင်းအရာ မပြု။

ဆဒ္ဒန်ဆင်မင်း ဇာတ်တော်၌ မြှားဖြင့် ချက်မှပစ်ဖောက်သော မုဆိုးကြီးကိုသော်လည်း အမျက်မယူ အစွယ်ဖြတ်လှူသေးသည်။

မဟာကပိဇာတ်တော်၌ ချောက်မှလူကို ကယ်ဆယ်၍ ပင်ပန်းစွာအိပ်နေခိုက် ကျောက်ခဲဖြင့် ထိုသူကိုထုသော်လည်း အမျက်မဖို့၊ ဘေးကင်းရာ အရောက်ပို့သေး၏။

ဘူရိဒတ် နဂါးမင်း၊ စမ္ပေယျနဂါးမင်း၊ သင်္ခါပါလနဂါးမင်း၊ မတုပေါသထ ဆင်မင်းဇာတ်တော်တို့၌လည်း အမျက်မထား အများရှိသေး၏။

ဤသို့ သည်းခံ၍ ဘုရားဖြစ်သော ဘုရားရှင်ကို ငါ့ဆရာဟု ညွှန်းသော ငါ့အားဒေသလက်ခံထားခြင်းငှာ အဘယ်မှာ သင့်နိုင်အံ့နည်းဟု ဆင်ခြင်ရသည်။

မတဂ္ဂါ။ ။ဝင်၊ လွှ၊ ကြံ၊ သနား၊ ဟောကြား၊ ကံ၊ ဇာ ဤ ၇မျိုး ဆင်ခြင်ပါလျက် ကိလေသာကျွန်ယက် ရင့်လှပြီဖြစ်၍ အမျက်မပြေရှိခဲ့ချေအံ့၊ အနမတဂ္ဂိယသုတ်တို့ကို ဆင်ခြင်ရသည်။ သံသရာ်၌အမိ၊ အဖ စသည် မတော်စပ်ဖူးသူ မရှိ။ ဤသူသည် ငါ၏မိခင် ဖြစ်စဉ်က ဆယ်လလွယ်ပြီး ညစ်ကြေးမရွံမရှာ ချီပိုးကာ ငါ့ကိုမွေးခဲ့ပြီ။ ဖခင်ဖြစ်စဉ်က ဒုက္ခ၊ သုခ မရေမတွက် အသက်စွန့်ကာ ပစ္စည်းရှာ၍ ငါ့ကို ကျွေးခဲ့ပြီ။ ညီအစ်ကိုမောင်နှမ ဖြစ်စဉ်ကလည်း ကျေးဇူးအထူးပြုခဲ့ဖူးပြီ။ ထို့ကြောင့် ကျေးဇူးအထူးရှိသူအား အမျက်မထားသင့်ပြီဟု ဆင်ခြင်ရသည်။

အာနိသင် ... ၁၁။ ။ဤသို့လည်း မငြိမ်းသေးလျှင် မေတ္တာအာနိသင် ၁၁ ပါး ဆင်ခြင်ရသည်။

၁။ မေတ္တာပွားသူသည် ချမ်းသာစွာ အိပ်ရသည်။
၂။ ချမ်းသာစွာ နိုး၏။
၃။ မကောင်းသော အိမ်မက် မမြင်။
၎။ လူချစ်၏။
၅။ နတ်ချစ်၏။
၆။ နတ်တို့ အစောင့်အရှောက်ရ၏။
၇။ မီး၊ အဆိပ်၊ လက်နက် မနှိပ်စက်။
၈။ စိတ်သမာဓိ တည်ကြည်လွယ်၏။
၉။ မျက်နှာကြည်လင်၏။
၁၀။ မတွေမဝေ အသေလှပစွာ ချမ်းသာ၏။
၁၁။ မဂ်ဖိုလ်မရလျှင် ဗြဟ္မာဖြစ်၏။

ဒေါသမဖျောက်နိုင်သူအား ဤအာနိသင် ၁၁ ပါးမှအပ ဖြစ်လတ္တံ့ဟု ဆင်ခြင်ရသည်။

အိပ်, နှိုး, မက်, ချစ်၊ ချစ်, စောင့်, မီး, တည်၊
ကြည်, သေ, ဗြဟ္မာ၊ ဆယ့်တစ်ဖြာ၊ မေတ္တာအာနိသင်။

ဓာတ်ယှဉ်။ ။ဝင်၊ လွှ၊ ကြံ, သနား, ဟောကြား, ကံ, ဇာ၊ မတဂ္ဂါ၊ နိသင် ဤကိုးမျိုးဖြင့် မငြိမ်းလျှင် ဓာတ်ခွဲရသည်။ ဤသူ၌ အဘယ်ကို စိတ်ဆိုးမည်နည်း။ ဆံပင်ကိုလော၊ မွေးညင်းကိုလော့၊ နှပ်, အစေး, ကျင်ငယ်ကိုလော။ တည်နည်း - ဆံပင်, မွေးညင်းတို့၌ရှိသော ပထဝီကိုလော၊ အာပေါကိုလော။ တစ်နည်း-ရူပက္ခန္ဓာ ကိုလော၊ စက္ခာယတနကိုလော၊ စက္ခုဓာတ်ကိုလော။ ဤသို့ ဓာတ်ခွဲ၍ စိတ်ဆိုးစရာရှာလျှင် အပ်ဖျား၍ မုန့်ညင်းစေ့ပမာ စိတ်ဆိုးစရာမရှိ ဖြစ်လေ၏။

ပေးတောင်း။ ။ဓာတ်မခွဲတတ်သူဖြစ်လျှင် ပေးရသည်။ တောင်းရသည်။ မိမိ၏ ဓမ္မိယလဒ္ဓပစ္စည်းကို ထိုသူအား ပေးလှူရသည်။ ထိုသူ၏ ဓမ္မိယလဒ္ဓပစ္စည်းကို တောင်းယူရသည်။ ဤသို့ပြုလျှင် မိမိဒေါသ ဧကန္တငြိမ်း၏။ ထိုသူ၏ဒေါသလည်း ရှေးဘဝက ပါလာစေကာမူ ခဏချင်းငြိမ်း၏။ စိတ္တလတောင်၌ ပိဏ္ဍပါတိက တိဿမထေရ်သည် သုံးကြိမ်အနှင်ခံရ၏။ နောက်ဆုံးအကြိမ်၌ အရှင်ဘုရား ဤသပိတ်သည် ရှစ်သပြာ ထိုက်ပါသည်။ မိခင်ဒါယိကာမကြီးလှူပါသည်။ ဓမ္မိယလဒ္ဓဖြစ်ပါသည်။ ဒါယိကာမကြီး ကုသိုလ်ဖြစ်အောင် သုံးဆောင်တော်မူပါဟု လှူလိုက်၏။ ထိုအခါမှစ၍ နှင်သောမထေရ် အမျက်ပြေသတတ်။

(ဒါနသည် ရိုင်းသူကိုပင် ယဉ်စေ၏။ လိုတိုင်း အကျိုးရှိ၏။ ကြီးငယ်မရွေး ညွတ်လာစေ၏။ ချစ်ခင်စေ၏။ ကြည်ညိုစေ၏။)

ဤ ၁၁ နည်းဖြင့် ဒေါသပျောက်၍ သီမသမ္ဘေဒဖြစ်စေ၍ ဈာန်ရပြီးသောအခါ အရပ်ဆယ်မျက်နှာကို တစ်ခုစီသြဓိအားဖြင့်လည်းကောင်း၊ အရပ်အားလုံး၌ သတ္တဝါအားလုံးကို အနောဓိအားဖြင့်လည်းကောင်း၊ ကိုယ်နှင့်ထပ်တူ ဖြန့်ပွားနိုင်၏။ မေတ္တာမြင်တိုင်း၊ လိုတိုင်း စိုင်းနိုင်သည်။
၁။ သဗ္ဗေသတ္တာ၊ ပါဏာ၊ ဘူတာ၊ ပုဂ္ဂလာ၊ အတ္တဘာဝပရိယာပန္နာ ဤကား မခွဲမခြား အနောဓိအားဖြင့် ပွားအပ်သူ ၅ ယောက်။

၂။ သဗ္ဗာ ဣတ္တိယော၊ သဗ္ဗေပုရိယာ၊ အရိယာ၊ အနရိယာ၊ ဒေဝါ၊ မနုသာ၊ ဝိနိပါတိကာ ဤကား ခွဲခြား၍ သြဓိအားဖြင့် ပွားအပ်သူ ၇ ယောက်။

ဤ ၁၂ ယောက်၌ အဝေရာဟောန္တု စသော န္တု - လေးပါးဖြင့် ပွားလျှင် ပုဂ္ဂလ - ဖရဏာ မေတ္တာ ၄၈ ဖြစ်၏။ အရပ်ဆယ်မျက်နှာ၌ ၄၈စီဖြင့် ဒိသာဖရဏာမေတ္တာ ၄၈၀ ဖြစ်၏။ ဖရဏာ နှစ်ရပ်ပေါင်းလျှင် ၅၂၈ သွယ် မေတ္တာဖြစ်၏။

အာနိသင် ၁၁ ပါး၌ အိပ်-ဟူသည်ကား လူးလှိမ့် ယောင်ယမ်းမြည်တမ်းမရှိ၊ သမာပတ်ဝင်စားသူပမာ ချမ်းသာစွာအိပ်ရ၏။ နိုး-ညည်းညူပင်ပန်းမရှိ၊ ကြာပန်းပွင့်ကဲ့သို့ ရွှင်လန်းစွာနိုး၏။ မက်-ကြောက်ဖွယ် အိမ်မက်ဆိုး မမက်၊ ဘုရားဖူးခြင်း၊ တရားနာခြင်း စသည်ဖြင့် ကောင်းသောအိမ်မက် မက်၏။ ချစ်-ပုလဲသွယ်အလား လူအများချစ်၏။ ချစ်-ဝိသာခမထေရ်အလား နတ်အများချစ်၏။ စောင့်-နတ်အများ စောင့်ရှောက်၏။ မီး-သီရိမာ လောင်းသော ထောပတ်ပူ ဥတ္တရာ မပူ၊ သံယုတ္တနိကာယ်ဆောင် စူဠသိဝမထေရ် မြွေဆိပ်မတက်။ သံကိစ္စသာမဏေ လက်နက်မစူးဝင်။ ထို့အတူ မီး, အဆိပ်, လက်နက် မသင့်နိုင်။ တည်-သမာဓိတည်လွယ်၏။ ကြည်-ထန်းသီးမှည့် ကြွေခါစကဲ့သို့ မျက်နှာကြည်လင်၏။ သေ-မတွေမဝေ အသေလှပစွာ ချမ်းသာ၏။ ဗြဟ္မာ-ရဟန္တာ မဖြစ်လျှင် ဗြဟ္မာ ဖြစ်၏။

ပါဋလိပုတ်ပြည်သားကုန်သည် ဝိသာခသည် ရဟန်းပြုလို၍ သီဟိုဠ် သို့သွား၏။ လမ်းတွင် ကုန်သွယ်၍ တစ်လအတွင်း ငွေတစ်ထောင်ရ၏။ ရဟန်းပြုရာသို့ လာသူတို့အား အချည်းအနှီးမပြန်စေရဟု ထို ငွေတစ်ထောင်ကို စွန့်ကြဲ၏။ ရဟန်းငါးဝါ ဒွေမာတိကာ လေ့လာပြီးလျှင် တစ်နေရာ၌ လေးလထက်လွန်၍မနေ။ လှည့်လည်စဉ်ငါ့အား ချွတ်ယွင်းမှုမရှိစဖူး၊ အရတော်လေစွဟု ဥဒါန်းကျူး၏။ တောအုပ်၌ လမ်းနှစ်ခွတွင် နတ်တို့ခရီးညွှန်၍ စိတ္တလတောင်သို့ရောက်၏။ လေးလပတ်လုံးနေ၍ သွားအံ့သောအခါ သံပြေပင်စောင့်နတ် ငို၍ တောင်းပန်၏။ အရှင်မြတ်ရောက်လာမှ နတ်များ အချင်းချင်း မေတ္တာရကြပါသည်။ ကြွသွားလျှင် ရှေးအတိုင်း ခိုက်ရန်များကြပါလိမ့်မည်ဟု တောင်းပန်သဖြင့် လေးလနေရပြန်၏။ နောက်လေးလ၌လည်း ထိုအတူ နေရပြန်၏။ စိတ္တလတောင်၌ပင် ပရိနိဗ္ဗာန်စံရလေသည်။

နွားမတစ်ကောင်သည် သားငယ်ကိုနို့တိုက်ကာနေ၏။ မုဆိုးလှံဖြင့် ထိုးလိုက်ရာ နွားမကိုယ်၌ ထိ၍ ထန်းရွက်အလား ပျော့ခွေလျက်ကျသွား၏။ လှံမစူးနိုင်သော ဤ နွားမမေတ္တာသည် သား၌ချစ်စိတ်ထက်သန်ခြင်းမျှသာ၊ ဥပစာရ, အပ္ပနာ မဟုတ်သေး။


Print this post

ဆန္ဒကဗျာ


နှစ်ထောင်ဆယ်ကူး

နှစ်သစ်ဦးမှာ

ဖြစ်ဖူးနှစ်ဟောင်း

ကောင်းထက်ကောင်းအောင်

ဆုတောင်းဆုယူ

စိတ်စင်ဖြူလျှက်

ညီတူလေးစား

အိမ်သူသားလည်း

ဆင့်ပွားမေတ္တာ

ဘေးရန်ကွာ၍

ကြင်နာအပြုံး

ခန္တီထုံးဖြင့်

လွှမ်းဖုံးရတနာ

ပိုက်ပွေ့ပါရေး

ဆုမွန်ပေးသည်

စိတ်အေးသုခလှိုင်စေသော်။

ဘုန်းသီ( လန်ဒန် )
၂၀၁၀ ၊ ၁-ရက် ၊ နံက် ၁ -နာရီ


Print this post